Amazon ဟာ ၂၀၃၃ ခုနှစ်မှာ လုပ်ငန်းလည်ပတ်မှုတွေရဲ့ ၇၅% အထိကို စက်ရုပ်တွေသုံးပြီး အလိုအလျောက်စနစ် ပြောင်းလဲဖို့ အစီအစဉ်ရှိနေကြောင်း New York Times သတင်းတစ်ပုဒ်က ဖော်ပြလိုက်ပါတယ်။ ဒီအစီအစဉ်အရ ဝန်ထမ်း ၆ သိန်းနီးပါးကို စက်ရုပ်တွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ၊ ကုမ္ပဏီဟာ တိုးလာတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ဝန်ထမ်းသစ်တွေ ထပ်မခန့်တော့ဘဲ အလိုအလျောက်စနစ်နဲ့ ဖြေရှင်းဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း Amazon မှာ ကမ္ဘာတစ်ဝန်းက ဝန်ထမ်း ၁.၅ သန်းနဲ့အတူ အလုပ်လုပ်နေတဲ့ စက်ရုပ် ၁ သန်းကျော် ရှိနေပြီးသား ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုကြောင့် ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ်ကြားမှာ ဒေါ်လာ ၁၂.၆ ဘီလီယံ၊ ဒါမှမဟုတ် ကုန်ပစ္စည်းပို့ဆောင်မှု တစ်ကြိမ်အတွက် ၃၀ ဆင့်နှုန်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ စာရွက်စာတမ်းတွေမှာ Amazon ဟာ လူနဲ့ စက် ပူးပေါင်းဆောင်ရွက်မှုကို အသားပေးတဲ့ “cobot” (တွဲဖက်စက်ရုပ်) ဆိုတဲ့ အသုံးအနှုန်းကို ပိုသဘောကျကြောင်း ဖော်ပြထားပါသေးတယ်။
Amazon ပြောရေးဆိုခွင့်ရှိသူ Kelly Nantel ကတော့ ဒီသတင်းဟာ အချက်အလက် အပြည့်အစုံ မဟုတ်ဘဲ လွဲမှားစေနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။ Amazon ဟာ လက်ရှိမှာလည်း ရာသီချိန်ဝန်ထမ်း ၂ သိန်းခွဲ (၂၅၀,၀၀၀) ခန့်အပ်နေပြီး အမေရိကန်မှာ အလုပ်အကိုင် အများဆုံး ဖန်တီးပေးသူတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
စက်ရုပ်တွေဟာ Amazon ဂိုဒေါင်တွေရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်ပေမယ့်၊ အခု မဟာဗျူဟာသစ်ကတော့ လာမယ့်နှစ်တွေမှာ အလိုအလျောက်စနစ်ဆီကို ကြီးမားတဲ့ ရွှေ့ပြောင်းမှုတစ်ခု လုပ်ဆောင်နေတာကို ပြသနေပါတယ်။
Ref : Technology Innovation
The post ဝန်ထမ်း ၆၀၀,၀၀၀ ကို စက်ရုပ်တွေနဲ့ အစားထိုးမယ့် Amazon appeared first on MyTech Myanmar.
Comments
Post a Comment