Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ တနင်္လာနေ့က ရှယ်ယာဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် တန်ဖိုး ဒေါ်လာ ၄ ထရီလီယံ (US$4 trillion) ပြည့်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာပါပြီ။ လက်ရှိမှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ US$3.82 trillion ရှိနေပြီး Nvidia နဲ့ Apple တို့သာ ရပ်တည်နေနိုင်တဲ့ ဒီ exclusive club ထဲကို ဝင်ရောက်လာမယ့် စတုတ္ထမြောက် ကုမ္ပဏီ ဖြစ်လာဖို့ တာစူနေပါတယ်။
၂၀၂၂ ခုနှစ် ChatGPT စထွက်တုန်းက AI နည်းပညာမှာ Google ခေတ်ကုန်ပြီလို့ ထင်ခဲ့ကြပေမယ့် အခုတော့ အဲဒီအမြင်တွေ ပြောင်းလဲသွားပါပြီ။ အရင်က သိပ်အရာမဝင်ခဲ့တဲ့ Cloud လုပ်ငန်းကို အဓိက ဝင်ငွေရလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့သလို၊ မကြာသေးမီက ထွက်ရှိထားတဲ့ Gemini 3 မော်ဒယ်ကလည်း မှတ်ချက်ကောင်းတွေ ရရှိထားပါတယ်။ ဒါ့အပြင် နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ Warren Buffett ရဲ့ Berkshire Hathaway ကပါ ရှယ်ယာဝင်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပြန်ရလာတာ ဖြစ်ပါတယ်။

ဥပဒေရေးရာ အခက်အခဲတွေ ရှိခဲ့ပေမယ့် Alphabet ဟာ Chrome browser ကို အတင်းအကျပ် ရောင်းချခိုင်းမယ့် အခြေအနေကနေ လိမ္မာပါးနပ်စွာ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ တရားရုံးက သူတို့ရဲ့ ရှာဖွေရေး လုပ်ငန်းကို လက်ဝါးကြီးအုပ်မှုအဖြစ် သတ်မှတ်ခဲ့ပေမယ့် ကုမ္ပဏီကို ဖြိုခွဲမယ့် အမိန့်မျိုး မချခဲ့တာကြောင့် အခုလို ရှယ်ယာဈေးတွေ ပြန်တက်လာတာလည်း ဖြစ်ပါတယ်။
တချို့က ဒီလို ဈေးနှုန်းတွေ အဆမတန် တက်နေတာဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက dot-com ပူဖောင်းလို ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ငွေကြေးစီးဆင်းမှု တောင့်တင်းတာ၊ Nvidia ရဲ့ ချစ်ပ်တွေအစား ကိုယ်ပိုင် ချစ်ပ်တွေ ထုတ်လုပ်လာနိုင်တာနဲ့ AI နည်းပညာ ပေါင်းစပ်ထားတဲ့ Search လုပ်ငန်းတို့ကြောင့် AI ပြိုင်ပွဲမှာ Google က အားသာချက်တွေ ရှိနေတုန်းပဲလို့ သုံးသပ်ထားကြပါတယ်။
Ref : businesstimes
The post ကုမ္ပဏီ တန်ဖိုး ဒေါ်လာ ၄ ထရီလီယံ ရောက်တော့မယ့် Alphabet appeared first on MyTech Myanmar.
Comments
Post a Comment