စစ်မြေပြင်နဲ့ စက်ရုံတွေမှာသုံးဖို့ လူတူစက်ရုပ် ၅ သောင်းအထိ ထုတ်လုပ်မယ့် အမေရိကန်ကုမ္ပဏီ

ဆန်ဖရန်စစ္စကိုအခြေစိုက် Foundation ဆိုတဲ့ စတက်အပ်ကုမ္ပဏီက စက်မှုလုပ်ငန်းခွင်တွေနဲ့ စစ်ဘက်ဆိုင်ရာမှာ အသုံးပြုဖို့အတွက် ၂၀၂၇ ခုနှစ်အရောက်မှာ လူတူစက်ရုပ် (Humanoid Robots) အကောင်ရေ ၅၀,၀၀၀ အထိ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။

US firm Foundation plans to build 50,000 humanoid robots by 2027

သူတို့ထုတ်လုပ်မယ့် Phantom MK-1 လို့ နာမည်ပေးထားတဲ့ စက်ရုပ်တွေကို စက်ရုံ၊ ဂိုဒေါင်တွေမှာ သုံးဖို့တင်မကဘဲ ကင်းထောက်တာ၊ ဗုံးရှင်းလင်းတာနဲ့ တခြား အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာ လူအစားထိုး ရှေ့ထွက်သုံးစွဲဖို့ (“first body in”) ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အရပ် ၅ ပေ ၉ လက်မနဲ့ ပေါင် ၁၇၀ ကျော် (၁၇၅-၁၈၀ ပေါင်ဝန်းကျင်) လေးတဲ့ ဒီစက်ရုပ်တွေဟာ ဝန်တွေကိုလည်း တော်တော်များများ သယ်နိုင်စွမ်း ရှိပါတယ်။

Humanoid Robots For War And Work: Startup Plans To Build 50,000 By End Of 2027

Foundation အနေနဲ့ အရင်က ၂၀၂၆ မှာ အကောင်ရေ ၁၀,၀၀၀ ထုတ်ဖို့ပဲ မှန်းထားပေမယ့် အခုတော့ ထုတ်လုပ်မှုပန်းတိုင်ကို မြှင့်တင်လိုက်ပါတယ်။ ဒီနှစ်ထဲမှာတင် စက်ရုပ် ၄၀ စတင်ဖြန့်ချိမှာဖြစ်ပြီး ၂၀၂၆ မှာ ၁၀,၀၀၀ နဲ့ ၂၀၂၇ မှာ ၅၀,၀၀၀ အထိ ရောက်အောင်သွားမယ်လို့ ဆိုပါတယ်။ စက်ရုပ်တစ်ရုပ်ဟာ လူလုပ်အား အများကြီးကို အစားထိုးနိုင်မှာဖြစ်ပြီး ငှားရမ်းခအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၁ သိန်းဝန်းကျင် သတ်မှတ်ထားပါတယ်။

CEO ဖြစ်သူ Sankaet Pathak ပြောပြချက်အရ ဒီစက်ရုပ်တွေဟာ အပြည့်အဝ အလိုအလျောက်စနစ်တော့ မဟုတ်ပါဘူး။ စစ်သုံးဒရုန်းတွေလိုပဲ လူက ထိန်းချုပ်မယ့်စနစ် (human-in-the-loop) ပါ။ လှုပ်ရှားသွားလာတာကို စက်ရုပ်က သူ့ဘာသာ လုပ်ဆောင်မှာဖြစ်ပေမယ့် ပစ်ခတ်တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ကိုတော့ လူကပဲ ချမှတ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့ ဒီစက်ရုပ်တွေကြောင့် စစ်ဆင်ရေးတွေ ပိုတိကျလာပြီး အရပ်သားထိခိုက်မှု လျော့နည်းမယ်လို့ ဆိုပေမယ့် တကယ်တမ်း ပဋိပက္ခတွေကို လျှော့ချနိုင်မလား၊ ပိုဆိုးစေမလား ဆိုတာကတော့ မသေချာသေးပါဘူး။ သေချာတာတစ်ခုကတော့ သူတို့ရဲ့ အမြန်အဆန် ထုတ်လုပ်ရေး အစီအစဉ်တွေအရ လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်စစ်သားတွေကို မျှော်လင့်ထားတာထက် ပိုစောစော မြင်တွေ့ရဖွယ် ရှိနေပါတယ်။

Ref : Technology Innovation

The post စစ်မြေပြင်နဲ့ စက်ရုံတွေမှာသုံးဖို့ လူတူစက်ရုပ် ၅ သောင်းအထိ ထုတ်လုပ်မယ့် အမေရိကန်ကုမ္ပဏီ appeared first on MyTech Myanmar.

Comments