Motorola စမတ်ဖုန်း ဘောင်းဘီအိတ်ကပ်ထဲမှာ မီးလောင်

အမျိုးသားတစ်ယောက်ရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ Motorola စမတ်ဖုန်းတစ်လုံး မီးလောင်ပေါက်ကွဲခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီဗီဒီယိုကို X အသုံးပြုသူ Abhishek Yadav က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မျှဝေခဲ့တာဖြစ်ပြီး Moto G54 လို့ ယူဆရတဲ့ အဲဒီဖုန်းဟာ အနောက်ဘက် ပလတ်စတစ်ကာဗာတွေ အရည်ပျော်ကျနေပြီး မျက်နှာပြင်တစ်ခုလုံး မဲတူးကာ ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။

ဖုန်းပိုင်ရှင်ဖြစ်သူက သူ့ရဲ့ ဂျင်းဘောင်းဘီမှာ မီးလောင်ပေါက်ပြဲသွားတဲ့ အပေါက်ကြီးတစ်ခုကို ပြသခဲ့ပြီး ဖုန်းကို အသုံးပြုမနေဘဲ အိတ်ကပ်ထဲ ထည့်ထားရင်းနဲ့တင် မီးထလောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။ ကံကောင်းထောက်မစွာနဲ့ လူကို ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ကြောင့် စမတ်ဖုန်းတွေမှာသုံးတဲ့ လီသီယမ်အိုင်းယွန်း (Lithium-ion) ဘက်ထရီတွေရဲ့ ဘေးကင်းလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ပြန်လည်မြင့်တက်လာစေခဲ့ပါတယ်။

Motorola phone explodes in man's pocket, viral video shows burnt jeans and charred device

Motorola ဖုန်းတွေ အခုလို မီးလောင်ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘရာဇီးနိုင်ငံမှာ အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် သူ့ရဲ့ Moto E32 ဖုန်း အိတ်ကပ်ထဲမှာ မီးလောင်ခဲ့တာကြောင့် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့သလို၊ ၂၀၂၄ ခုနှစ်တုန်းကလည်း Moto G Power 5G ဖုန်း အိတ်ကပ်ထဲမှာ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်ဆိုတဲ့ ရေးသားချက်တွေ Reddit မှာ ရှိခဲ့ဖူးပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Motorola ဘက်က တရားဝင် မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး။ ဒီလိုဖြစ်ရပ်တွေဟာ ရှားပါးတယ်ဆိုပေမယ့် ဖုန်းကို အသုံးပြုမနေဘဲနဲ့ အခုလို မီးထလောင်တာမျိုး ဖြစ်တဲ့အတွက် သုံးစွဲသူတွေကြားမှာ အထူးသတိထားစရာ ကိစ္စတစ်ခု ဖြစ်လာနေပါတယ်။

Ref : gizmochina

The post Motorola စမတ်ဖုန်း ဘောင်းဘီအိတ်ကပ်ထဲမှာ မီးလောင် appeared first on MyTech Myanmar.

Comments