တရုတ်ပုဂ္ဂလိက အာကာသကုမ္ပဏီ InterstellOr က သူတို့ရဲ့ ပထမဆုံး လူလိုက်ပါမယ့် စီးပွားဖြစ် အာကာသခရီးစဉ်ကို ၂၀၂၈ ခုနှစ်မှာ စတင်ပျံသန်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်မှာ နာမည်ကြီး သရုပ်ဆောင် Johnny Huang Jingyu ကိုယ်တိုင် လိုက်ပါမှာဖြစ်ပြီး သူဟာ အမှတ်စဉ် ၀၀၉ ခရီးသည်အဖြစ် စာရင်းသွင်းထားကြောင်း ကုမ္ပဏီက အတည်ပြု ပြောကြားထားပါတယ်။

ဒီခရီးစဉ်အတွက် လက်မှတ်တစ်စောင်ကို ယွမ် ၃ သန်း (ကန်ဒေါ်လာ ၄၁၇,၀၀၀ ခန့်) သတ်မှတ်ထားပြီး ကြိုတင်စာရင်းသွင်းမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Johnny Huang အပြင် AgiBot ရဲ့ CMO ဖြစ်သူ Qiu Heng ၊ အင်ဂျင်နီယာပညာရှင် Li Liteng နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် နယ်ပယ်စုံက လူ ၁၂ ဦးကျော်က စာချုပ်ချုပ်ဆို ဝယ်ယူထားပြီး ဖြစ်ပါတယ်။

ခရီးသည်တွေ လိုက်ပါမယ့် InterstellOr-1 (CYZ1) အာကာသယာဉ်ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး စီးပွားဖြစ် လူလိုက်ပါနိုင်တဲ့ ယာဉ်ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကမှ ယာဉ်ဆင်းသက်တဲ့အခါ အသုံးပြုမယ့် ကြားခံစနစ် (landing buffer system) ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒီနည်းပညာကို ပိုင်ဆိုင်တဲ့ ကမ္ဘာ့တတိယမြောက် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ InterstellOr ကုမ္ပဏီဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်နည်းပညာတွေကို ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လာမယ့် ၃ နှစ်ကနေ ၄ နှစ်အတွင်း ယာဉ်တည်ဆောက်မှုအပိုင်းကို အပြီးသတ်မှာဖြစ်ပြီး ၂၀၂၈ ခုနှစ်ဝန်းကျင်မှာ တရုတ်နဲ့ အာရှဒေသတွင်း အာကာသခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်သွားဖို့ ရည်မှန်းထားပါတယ်။
Ref : pandaily
The post တရုတ်မှာ ၂၀၂၈ ခုနှစ်မှာ ပထမဆုံး အာကာသ ခရီးစဉ်ကို ပြုလုပ်မည် appeared first on MyTech Myanmar.
Comments
Post a Comment