၂၀၂၆ ခုနှစ်ရဲ့ Doomsday Clock (ကမ္ဘာပျက်ကပ်နာရီ) လက်တံဟာ သန်းခေါင်ယံရောက်ဖို့ ၈၅ စက္ကန့်အလို တိတိကို ရွှေ့ပြောင်းလိုက်ပါပြီ။ ဒါဟာ ၁၉၄၇ ခုနှစ် နာရီစတင်ဖန်တီးချိန်ကစလို့ လူသားမျိုးနွယ်တွေ အန္တရာယ်အကြီးမားဆုံး၊ ကပ်ဘေးနဲ့ အနီးစပ်ဆုံး အချိန်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ?
အဏုမြူသိပ္ပံပညာရှင်များအဖွဲ့ကြီးကတော့ အဓိက တရားခံ (၄) မျိုးကို ထောက်ပြထားပါတယ်။
- နူကလီးယား အန္တရာယ်: အင်အားကြီးနိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာပြီး New START လို လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကလည်း မရေမရာ ဖြစ်နေပါတယ်။
- ရာသီဥတု ဖောက်ပြန်မှု: ကမ္ဘာကြီး ပူနွေးလာမှုက ရေရှည်ကပ်ဘေးတစ်ခုအဖြစ် ရှိနေဆဲပါ။
- AI နဲ့ နည်းပညာ: စစ်ပွဲတွေမှာ AI ကို ထည့်သွင်းအသုံးပြုလာတာ၊ သတင်းမှားတွေ ဖြန့်ဝေတာနဲ့ ဇီဝလက်နက် အန္တရာယ်တွေက ထိန်းချုပ်ရခက်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
- စည်းလုံးမှု ပြိုကွဲခြင်း: နိုင်ငံကြီးတွေက “ငါနဲ့သူ” (Us versus Them) ဆိုပြီး အုပ်စုကွဲကာ ပိုမိုရန်လိုလာကြတာကြောင့် ဘုံပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲလာပါတယ်။

ဒါဟာ တကယ်ပဲ ကမ္ဘာပျက်တော့မှာလား?
Doomsday Clock ဆိုတာ တကယ့်အချိန်ကို ပြတဲ့ နာရီမဟုတ်ပါဘူး။ လူသားတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာကြီး ဘယ်လောက် အန္တရာယ်ရှိနေလဲ ဆိုတာကို သတိပေးတဲ့ “သင်္ကေတ” သက်သက်သာ ဖြစ်ပါတယ်။
အဏုမြူ သိပ္ပံပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Alexandra Bell က “အချိန်ကုန်ခါနီးပြီ” လို့ သတိပေးထားပေမယ့် မျှော်လင့်ချက်တော့ မကုန်သေးပါဘူးလို့ပြောပါတယ်။ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေသာ ပြတ်ပြတ်သားသား ပြုပြင်ပြောင်းလဲကြမယ်ဆိုရင် ဒီနာရီလက်တံကို နောက်ပြန်လှည့်နိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။
Ref : Nation Thailand
The post ကမ္ဘာပျက်ဖို့ ၈၅ စက္ကန့်ပဲလို appeared first on MyTech Myanmar.
Comments
Post a Comment