ကားပါကင်ကနေ ပြန်ထွက်ခါနီး ဂိတ်ပေါက်မှာ ဖုန်းထုတ်ပြီး QR Code Scan ဖတ်ရတာ၊ ပိုက်ဆံအိတ် ရှာရတာတွေက တခါတလေ စိတ်ရှုပ်စရာ ကောင်းပါတယ်။ အခုတော့ Alibaba ရဲ့ Alipay နဲ့ Xiaomi တို့ ပူးပေါင်းပြီး ဒီအလုပ်ရှုပ်တဲ့ကိစ္စကို ဖြေရှင်းပေးလိုက်ပါပြီ။ Xiaomi စမတ်မျက်မှန် တပ်ထားရုံနဲ့ ကားပါကင်ကြေးကို “Xiao Ai, pay the parking fee” လို့ အသံအမိန့်ပေးပြီး ပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ပုံကတော့ တကယ့်ကို ဆန်းပြားပါတယ်။ ကားပါကင်ထဲ စဝင်တာနဲ့ မျက်မှန်ထဲက AI က ငွေကောက်ခံမှု စတင်ပြီဖြစ်ကြောင်း သတိပေးပါလိမ့်မယ်။ ပြန်ထွက်မယ့်အချိန်မှာ အသံအမိန့်ပေးလိုက်တာနဲ့ စနစ်က ဘယ်လောက်ကျသင့်တယ်ဆိုတာ ပြောပြပြီး ငွေပေးချေမှုကို အလိုအလျောက် ဆောင်ရွက်ပေးမှာပါ။ ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ လက်တစ်ဖက်မှ မလှုပ်ရဘဲ ဂိတ်ပေါက်ကနေ လွယ်လွယ်ကူကူ မောင်းထွက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာမှာ Ant Group ရဲ့ GPASS နဲ့ AHA နည်းပညာတွေကို အသုံးပြုထားပြီး Voiceprint Recognition စနစ်ပါဝင်လို့ လုံခြုံရေးအတွက်လည်း စိတ်ချရပါတယ်။ Alipay အကောင့်နဲ့ ချိတ်ဆက်ထားမယ်ဆိုရင် ကားဝင်၊ ထွက် အချက်အလက်တွေကို မျက်မှန်ဆီ တိုက်ရိုက်ပို့ပေးမှာဖြစ်ပြီး လက်ရှိမှာ မြို့ကြီးအများအပြားက Alipay Smart Parking ကွန်ရက်တွေမှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ဒီမျက်မှန်မှာ Ant Afu ဆိုတဲ့ AI ကျန်းမာရေးလက်ထောက်လည်း ပါဝင်လို့ ကျန်းမာရေးနဲ့ပတ်သက်တာတွေကိုပါ မေးမြန်းနိုင်ဦးမှာပါ။ ၁၂ မဂ္ဂါပစ်ဇယ် ကင်မရာပါဝင်ပြီး နည်းပညာမြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ ဒီ Xiaomi စမတ်မျက်မှန်ဟာ နည်းပညာချစ်သူတွေအတွက်တော့ မဖြစ်မနေ စမ်းသပ်ကြည့်သင့်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref : gizmochina
The post Xiaomi စမတ်မျက်မှန်နဲ့ ကားရပ်နားခကို အသံအမိန့်ပေး ပေးချေနိုင်ပြီ appeared first on MyTech Myanmar.
Comments
Post a Comment