သရဲခြောက်တာလား၊ နည်းပညာမှားတာလား။ ရပ်ထားတဲ့ Xiaomi ကား သူ့အလိုလိုမောင်းထွက်ရတဲ့ အကြောင်းရင်းမှန် ပေါ်ပေါက်
စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံ Shandong ပြည်နယ်၊ Weihai မြို့မှာ ဖြစ်ပွားခဲ့တဲ့ Xiaomi ကားတစ်စီး သူ့အလိုလို မောင်းထွက်သွားတဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာ တော်တော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အိမ်ထဲမှာ လူရှိနေရက်သားနဲ့ အပြင်မှာရပ်ထားတဲ့ကားက သူ့အလိုလို စက်နှိုးပြီး မောင်းထွက်သွားတာကို CCTV မှတ်တမ်းမှာ တွေ့ခဲ့ရလို့ပါ။ ပိုင်ရှင်ကတော့ ဖုန်းနဲ့လှမ်းမခိုင်းမိပါဘူးလို့ ငြင်းဆိုခဲ့ပေမယ့် Xiaomi ဘက်က အထူးအဖွဲ့နဲ့ အသေးစိတ်စစ်ဆေးလိုက်တဲ့အခါမှာတော့ အဖြေမှန် ပေါ်လာခဲ့ပါတယ်။

အမှန်တကယ် ဖြစ်ပျက်ခဲ့တာကတော့ ကားစနစ်ချို့ယွင်းတာ မဟုတ်ပါဘူး။ ကားပိုင်ရှင်အမျိုးသားရဲ့ iPhone 15 Pro Max ဖုန်းကနေ “Parking-assist” လုပ်ဆောင်ချက်ကို မှားယွင်းနှိပ်မိခဲ့တာ ဖြစ်နေပါတယ်။ ဖုန်းနဲ့ကား Bluetooth ချိတ်ဆက်မိနေတဲ့ အကွာအဝေးမှာ ရှိနေချိန် ဖုန်းကနေ အမိန့်ပေးမှု ဝင်သွားပြီး ကားက သူ့အလိုလို မောင်းထွက်သွားတာပါ။

အစပိုင်းမှာ အချင်းချင်း နားလည်မှုလွဲပြီး ပွဲဆူခဲ့ကြတာကတော့ Xiaomi ဝန်ထမ်းက ဖုန်းမော်ဒယ်ကုဒ် (iPhone 16,2) ကို ပြောပြရာမှာ ပိုင်ရှင်ဘက်က iPhone 16 မော်ဒယ်နဲ့ မှားပြောတယ်လို့ ထင်မှတ်ခဲ့ရာကနေ စခဲ့တာပါ။ အခုတော့ နှစ်ဖက်လုံးက အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ကားရဲ့ Quality ကြောင့် မဟုတ်ကြောင်း အတည်ပြုရှင်းလင်းထားပါတယ်။
Ref : pandaily
The post သရဲခြောက်တာလား၊ နည်းပညာမှားတာလား။ ရပ်ထားတဲ့ Xiaomi ကား သူ့အလိုလိုမောင်းထွက်ရတဲ့ အကြောင်းရင်းမှန် ပေါ်ပေါက် appeared first on MyTech Myanmar.
Comments
Post a Comment