၇ မီလီမီတာ အထူပဲရှိတဲ့ စမတ်ဖုန်း ကိုယ်ထည်ထဲမှာ 8,000mAh ဘက်ထရီတွေကို ဘယ်လို ထည့်သွင်းလာကြသလဲ?

အရင်တုန်းက 5000mAh ဘက်ထရီပါတဲ့ ဖုန်းဆိုရင် အထူကြီးဖြစ်နေပြီး လက်ထဲမှာ ကိုင်တွယ်ရခက်ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်မှာတော့ Tecno Pova Curve 2 လို ဖုန်းတွေဟာ ၇ မီလီမီတာ (7mm) အထူပဲရှိတဲ့ ကိုယ်ထည်အပါးလေးထဲမှာ 8000mAh ဘက်ထရီကို ထည့်သွင်းလာနိုင်ပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူတွေရဲ့ ဘက်ထရီဓာတုဗေဒ နည်းပညာအသစ် စမ်းသပ်မှုတွေကြောင့် အခုလို ကျစ်လျစ်တဲ့ ကိုယ်ထည်မှာ ဘက်ထရီပမာဏ အကြီးကြီးတွေ ထည့်လာနိုင်တာ ဖြစ်ပါတယ်။ ဒီလိုထည့်သွင်းနိုင်ဖို့ အဓိကလုပ်ဆောင်ထားတဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဂရပ်ဖိုက် (Graphite) ကနေ ဆီလီကွန်-ကာဗွန် (Silicon-Carbon) အဖြစ် ပြောင်းလဲလာခြင်း

ပုံမှန်စမတ်ဖုန်း ဘက်ထရီတွေမှာ ဂရပ်ဖိုက် အန်နုတ် (Anode) ကို သုံးကြပါတယ်။ သူက တည်ငြိမ်ပြီး ဘေးကင်းပေမယ့် စွမ်းအင်သိမ်းဆည်းနိုင်စွမ်း ကန့်သတ်ချက် ရှိပါတယ်။ ဆီလီကွန် (Silicon) က ဂရပ်ဖိုက်ထက် စွမ်းအင် ၁၀ ဆ ပိုသိမ်းနိုင်ပေမယ့် အားသွင်းတဲ့အခါ ၃၀၀ ရာခိုင်နှုန်းအထိ ဖောင်းပွလာတတ်တဲ့ ပြဿနာ ရှိပါတယ်။ အဲဒါကြောင့် ကုမ္ပဏီတွေက ဆီလီကွန်နဲ့ ကာဗွန်ကို ရောစပ်ပြီး Silicon-Carbon (Si-C) ဆိုတဲ့ နည်းပညာကို ဖန်တီးခဲ့ကြပါတယ်။ ကာဗွန်က ဆီလီကွန်ကို မဖောင်းပွအောင် ထိန်းပေးထားနိုင်တဲ့အတွက် နေရာအနည်းငယ်မှာ စွမ်းအင်ပိုဆံ့တဲ့ ဘက်ထရီတွေကို ထုတ်လုပ်လာနိုင်တာ ဖြစ်ပါတယ်။

၂။ ဘက်ထရီ ဖောင်းပွမှုကို ထိန်းချုပ်ခြင်း

ဆီလီကွန်ကြောင့်ဖြစ်လာမယ့် ဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ထုတ်လုပ်သူတွေက ဆီလီကွန်ကို နာနိုအရွယ်အစား အမှုန်လေးတွေအဖြစ် ပြောင်းလဲတာ၊ ကာဗွန်အလွှာထဲမှာ မြှုပ်နှံတာနဲ့ ဂရပ်ဖိုက်နဲ့ ရောစပ်တာတွေကို လုပ်ဆောင်ကြပါတယ်။ ဒီလို တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖုန်းအထူ ၈ မီလီမီတာ (8mm) အောက်မှာတင် 7000mAh နဲ့ 8000mAh ဘက်ထရီတွေကို ထည့်သွင်းလာနိုင်တာ ဖြစ်ပါတယ်။

 

၃။ နည်းပညာရဲ့ တိုးတက်လာမှု အဆင့်ဆင့်

ဒီနည်းပညာက ရုတ်တရက် ပေါ်လာတာတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်လောက်ကတည်းက ဆီလီကွန် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ စတင်စမ်းသပ်ခဲ့ကြပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ တရုတ်ကုမ္ပဏီတွေကြားမှာ ပိုပြီး တွင်ကျယ်လာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် 5000mAh ကနေ 6000mAh အထက်တွေကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

 

၄။ အခြားကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု

Tecno တစ်ခုတည်း မဟုတ်ဘဲ အထူ 8mm အောက်မှာ 8000mAh ဘက်ထရီပါတဲ့ Honor Power၊ 8.1mm အထူမှာ 7600mAh ဘက်ထရီပါတဲ့ iQOO Z11 Turbo နဲ့ ခေါက်ဖုန်းကိုယ်ထည် အပါးလေးထဲမှာ 6000mAh ဘက်ထရီ ထည့်ထားတဲ့ Honor Magic V5 တို့လို ဖုန်းတွေလည်း ထွက်ရှိနေပါပြီ။ စွမ်းအင်သိပ်သည်းဆ ပိုများလာတာက ဒီလိုဖုန်းတွေကို အထူကြီးမဖြစ်စေဘဲ ထုတ်လုပ်နိုင်တဲ့ အဓိကအချက် ဖြစ်ပါတယ်။

 

၅။ Apple နဲ့ Samsung တို့ ဘာလို့ နောက်ကျနေသလဲ?

ဒီကုမ္ပဏီကြီး နှစ်ခုကတော့ ဘက်ထရီရဲ့ ရေရှည်ခံနိုင်ရည်နဲ့ ဘေးကင်းလုံခြုံမှုကို အဓိကထားတဲ့အတွက် နည်းပညာအသစ်ကို ချက်ချင်း အသုံးမပြုသေးတာ ဖြစ်ပါတယ်။ နောက်ပြီး စွမ်းအင်ပမာဏများတဲ့ ဘက်ထရီတွေကို ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချရာမှာ လိုက်နာရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့်လည်း ပါပါတယ်။ သူတို့အနေနဲ့ ဒီနည်းပညာကို နောက်ပိုင်းမှာ သုံးလာနိုင်ပေမယ့် ရှေ့တန်းကနေ ဦးဆောင်မယ့်သူတွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

 

၆။ အနာဂတ် အလားအလာ

ဒီနည်းပညာသာ ဆက်ပြီး တိုးတက်လာမယ်ဆိုရင် 10,000mAh ဘက်ထရီပါတဲ့ ဖုန်းတွေ ပိုများလာပါလိမ့်မယ်။ တကယ်တော့ Honor နဲ့ Realme တို့က 10,000mAh ဖုန်းတွေကို မိတ်ဆက်ပြီးနေပါပြီ။ ဒါပေမဲ့ ဒီလိုနည်းပညာအသစ်အတွက် ရေရှည်အသုံးပြုနိုင်စွမ်း၊ အမြန်အားသွင်းတဲ့အခါ အပူချိန် ထိန်းချုပ်နိုင်မှုနဲ့ ကုန်ကျစရိတ် စတဲ့ မေးခွန်းထုတ်စရာ အချက်တွေတော့ ကျန်ရှိနေသေးပါတယ်။

Ref : Gizmochina

The post ၇ မီလီမီတာ အထူပဲရှိတဲ့ စမတ်ဖုန်း ကိုယ်ထည်ထဲမှာ 8,000mAh ဘက်ထရီတွေကို ဘယ်လို ထည့်သွင်းလာကြသလဲ? appeared first on MyTech Myanmar.

Comments