Gmail အကောင့် နာမည်ပြောင်းလို့ ရတော့မည်

အခုဆိုရင် @gmail.com ရဲ့ အရှေ့မှာရှိတဲ့ ကိုယ်ပိုင်အမည် (Address) ကို Google က ပြောင်းခွင့်ပေးလိုက်ပါပြီ။  ဒီလုပ်ဆောင်ချက်ကို လောလောဆယ် အမေရိကန်နိုင်ငံမှာပဲ စတင်ပေးထားတာ ဖြစ်ပေမဲ့ မကြာခင်မှာ တခြားနိုင်ငံတွေကိုလည်း ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဘာတွေလုပ်ရမလဲဆိုတာကို သိနိုင်ဖို့ ကုမ္ပဏီက ဗွီဒီယိုတိုလေးတစ်ခုကိုလည်း ထုတ်ပြန်ပေးထားပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ Google Account settings ထဲကိုသွားပြီး Personal info၊ အဲဒီကနေ Email၊ နောက်ဆုံးမှာ Google Account email ဆိုတာကို နှိပ်ရမှာပါ။ အဲဒီအခါ “Change Google Account email” ဆိုတဲ့ အပြာရောင်ခလုတ်ကြီးကို တွေ့ရမှာဖြစ်ပြီး အဲဒါကိုနှိပ်ပြီး အမည်သစ်တစ်ခု ရွေးလိုက်ရုံပါပဲ။

Google finally lets you change your Gmail address - GSMArena.com news

ကိုယ်အရင်သုံးခဲ့တဲ့ အဟောင်းကလည်း အကောင့်ထဲမှာ အပို (alternate) အနေနဲ့ ဆက်ရှိနေမှာဖြစ်တဲ့အတွက် အဲဒီလိပ်စာဟောင်းကို အီးမေးလ်ပို့ရင်လည်း ကိုယ့်ဆီ ရောက်နေမှာပါ။ သတိထားရမယ့်အချက်ကတော့ ဒီလိုနာမည်ပြောင်းတာကို ၁၂ လမှာ တစ်ကြိမ်ပဲ လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးလိုက်တဲ့ နာမည်သစ်ကို သေချာသဘောကျဖို့ လိုပါတယ်၊ မဟုတ်ရင် နောက်တစ်ခါ ပြန်ပြောင်းဖို့ တစ်နှစ်တောင် စောင့်ရမှာမို့လို့ပါ။

ဒါဟာ Google ရဲ့ လုပ်ဆောင်ချက်အသစ် ဖြစ်တာကြောင့် အကောင့်တိုင်းဆီ ရောက်ဖို့ အချိန်နည်းနည်း ကြာနိုင်ပါတယ်။ အမေရိကန်မှာ နေတာတောင် အခုချက်ချင်း အဲဒီ option ကို မတွေ့သေးဘူးဆိုရင် နောက်ရက်အနည်းငယ်နေမှ ထပ်စစ်ကြည့်ပေးပါ။

Ref : gsmarena

The post Gmail အကောင့် နာမည်ပြောင်းလို့ ရတော့မည် appeared first on MyTech Myanmar.

Comments