Apple ထုတ်ကုန်တွေမှာ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်း (Recycled Materials) ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုလာနိုင်
Apple ထုတ်ကုန်တွေကို ကိုင်ဆောင်ထားတာဟာ အဆင့်အတန်းတစ်ခုတင်မကဘဲ ကမ္ဘာကြီးကိုပါ ကာကွယ်ပေးရာ ရောက်နေပါပြီ။ ၂၀၂၅ ခုနှစ်အတွင်း Apple က တင်ပို့လိုက်တဲ့ ပစ္စည်းတိုင်းမှာ ပြန်လည်အသုံးပြုထားတဲ့ ကုန်ကြမ်း (Recycled Materials) ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာသလို၊ ထုတ်ကုန်ထုပ်ပိုးတဲ့ ဘူးတွေမှာလည်း ပလတ်စတစ် လုံးဝမပါတော့ဘဲ ၁၀၀ ရာခိုင်နှုန်း စက္ကူသားနဲ့ပဲ ပြုလုပ်ထားပါတယ်။ ပိုပြီး အံ့ဩဖို့ကောင်းတာက Apple ထုတ်ကုန်တွေထဲက ဘက်ထရီ၊ သံလိုက်နဲ့ ပတ်လမ်းပြားတွေမှာသုံးတဲ့ ကိုဘော့၊ ရှားပါးဒြပ်စင်နဲ့ ရွှေတွေကို ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့ပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိထားတဲ့ MacBook Neo ဟာ Apple ရဲ့ သဘာဝပတ်ဝန်းကျင် အတွက်အကောင်းဆုံး ထုတ်ကုန်ဖြစ်လာပြီး သူ့ရဲ့ တစ်ကိုယ်လုံးမှာ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်း ၆၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ Apple အနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပလတ်စတစ်အသုံးပြုမှုကို မက်ထရစ်တန်ပေါင်း ၁၅,၀၀၀ ကျော်အထိ လျှော့ချနိုင်ခဲ့သလို၊ ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့ ရုံးခန်းတွေနဲ့ အရောင်းဆိုင်တွေမှာလည်း ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲ အသုံးပြုနေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာကြီးအပေါ် ဆိုးကျိုးသက်ရောက်မှု လုံးဝမရှိတဲ့ (Carbon Neutral) ကုမ္ပဏီဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

ဒီသတင်းကောင်းမှာ သုံးစွဲသူတွေအတွက်ပါ အကျိုးရှိမယ့် အစီအစဉ်တစ်ခု ပါဝင်နေပါတယ်။ ကမ္ဘာ့မြေနေ့ (Earth Day) အထိမ်းအမှတ်အနေနဲ့ မိမိတို့ဆီမှာရှိတဲ့ Apple ထုတ်ကုန်အဟောင်းအချို့ကို Apple Store တွေမှာ လာရောက်ပြန်အပ်ပြီး Recycle လုပ်မယ်ဆိုရင် AirPods နဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။ အဲဒီအစီအစဉ်ကိုတော့ လာမယ့် မေလ ၁၆ ရက်နေ့အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena
The post Apple ထုတ်ကုန်တွေမှာ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်း (Recycled Materials) ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုလာနိုင် appeared first on MyTech Myanmar.
Comments
Post a Comment