
Apple က iPhone 18 Pro ကို တရားဝင်မိတ်ဆက်ဖို့ လအနည်းငယ် လိုသေးပေမယ့် ကမ္ဘာကျော် တန်ဖိုးကြီး ပစ္စည်းထုတ်လုပ်တဲ့ Caviar ကုမ္ပဏီ ကတော့ ဖုန်းမရှိသေးခင်ကတည်းက ဒေါ်လာသောင်းချီတန်တဲ့ iPhone 18 Pro “Royal Colors” Collection အသစ်ကို မေလ ၂၀ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။
ဝယ်သူတွေဟာ ဖုန်းကို စောစောစီးစီး မြင်ရမှာမဟုတ်ဘဲ တန်ဖိုးကြီးဒီဇိုင်းအတွက် ကြိုတင်ငွေပေးချေရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Apple က ဖုန်းတွေ တရားဝင်ရောင်းချတဲ့အခါကျမှ Caviar က အဲဒီဖုန်းတွေကို အလုံးလိုက်ဝယ်ယူပြီး မူလဖုန်းနောက်ကျောမှန်နဲ့ အလူမီနီယံတွေကို ခွာကာ ရွှေ၊ တိုက်တေနီယမ်နဲ့ မိကျောင်းသားရေတွေနဲ့ အဆင့်မြင့်မွမ်းမံပြီးမှ ဝယ်ယူသူတွေလက်ထဲ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဒီဇိုင်းတွေကို သမိုင်းဝင်အကြောင်းအရာတွေကို အခြေခံပြီး ဖန်တီးထားတာဖြစ်သလို iPhone 18 ဆိုတဲ့ အမည်နဲ့ လိုက်ဖက်အောင် ဒီဇိုင်းတစ်မျိုးကို ကမ္ဘာပေါ်မှာ ၁၈ လုံးစီပဲ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီဒီဇိုင်းလေးမျိုးကတော့ ရောမခေတ်တော်ဝင်ဝတ်စုံပုံစံ ခရမ်းရောင်မိကျောင်းရေနဲ့ ၂၄ ကာရက်ရွှေရည်စိမ် Imperator မော်ဒယ်၊ ပြင်သစ်တော်ဝင်အမှတ်အသားပါတဲ့ အဖြူရောင်မိကျောင်းသားရေသုံး King မော်ဒယ်၊ အလယ်ခေတ် သံချပ်ကာအင်္ကျီပုံစံ သတ္တုနက်သုံး Black Prince မော်ဒယ်နဲ့ အီဂျစ်ရှေးဟောင်းပစ္စည်းတွေကနေ စိတ်ကူးရထားတဲ့ ဖာရိုဘုရင်ပုံစံ Pharaoh မော်ဒယ်တို့ ဖြစ်ပါတယ်။
ဖုန်းမှာယူသူတိုင်းကိုလည်း Caviar ရဲ့ အဆင့်မြင့်သေတ္တာအလှ၊ အမှတ်အသားပါသော့နဲ့ ရွှေရည်စိမ်ဒင်္ဂါးပြားတစ်ခုစီ လက်ဆောင်ထည့်ပေးဦးမှာပါ။

ဈေးနှုန်းတွေအနေနဲ့ကတော့ Black Prince နဲ့ Pharaoh မော်ဒယ်တွေကို အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁၀,၀၆၀ (မြန်မာငွေ သိန်း ၄၀၀ ဝန်းကျင်) နဲ့ စတင်မှာယူနိုင်ပြီး King မော်ဒယ်ကိုတော့ ဒေါ်လာ ၁၀,၂၀၀ နဲ့ အမြင့်ဆုံး Imperator မော်ဒယ်ကိုတော့ ဒေါ်လာ ၁၀,၃၄၀ အထိ သတ်မှတ်ထားပါတယ်။
ဖုန်းအစစ်မထွက်ခင် လအနည်းငယ်ကတည်းက ဒေါ်လာသောင်းချီပေးပြီး ဒီဇိုင်းအတွက် ကြိုတင်ငွေပေးချေရမယ့်စနစ်ဖြစ်တာကြောင့် ဇိမ်ခံပစ္စည်းစုဆောင်းသူတွေကြားမှာ အထူးရေပန်းစားနေပါတယ်။
Ref: Gizmochina
The post မထွက်သေးတဲ့ iPhone 18 Pro ကို သိန်း ၄၀၀ နဲ့ ကြိုတင်ရောင်းချလိုက်တဲ့ Caviar appeared first on MyTech Myanmar.
Comments
Post a Comment