
မက်ဆင်ဂျာ (Messenger) သုံးပြီး စကားပြောတာကို Screenshot ခိုးရိုက်တတ်တဲ့သူတွေ ရှိရင်တော့ သတိထားရတော့မှာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ စီအီးအို မာ့ခ်ဇူကာဘတ်က အချိန်ပြည့်ရင် အလိုအလျောက် ပျောက်ပျက်သွားမယ့် မက်ဆေ့ခ်ျ (disappearing message)တွေကို တစ်ဖက်လူက Screenshot ရိုက်လိုက်တာနဲ့ မိမိဆီကို အကြောင်းကြားစာ (Notification) ချက်ချင်းရောက်လာမယ့် အပ်ဒိတ်အသစ်ကို ကြေညာလိုက်လို့ပါ။ ဇူကာဘတ်က ဒီစနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သူ့ဇနီးဖြစ်သူ ပရစ်စီလာချန်း (Priscilla Chan) နဲ့ ပြောထားတဲ့ ချတ်တင်ကို ပုံနဲ့တကွ ပြသပြီး သုံးစွဲသူတွေကို သတိပေးခဲ့ပါတယ်။

ဒီစနစ်ဟာ Snapchat မှာ နာမည်ကြီးခဲ့တဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပြီး အခုအခါမှာတော့ လုံခြုံရေးပိုင်း ပိုကောင်းလာအောင် Meta ကုမ္ပဏီပိုင် Instagram မှာပါ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု အပ်ဒိတ်အသစ်မှာ လျှို့ဝှက်စကားပြောခန်းတွေထဲမှာ GIF အယ်နီမေးရှင်းတွေ၊ စတစ်ကာတွေနဲ့ Reactions တွေပါ သုံးလို့ရအောင် ဖန်တီးပေးထားပါတယ်။ အခုလောလောဆယ်မှာတော့ ဒီစနစ်ကို အမေရိကန်မှာ စတင်အသုံးပြုနေပြီဖြစ်ပြီး ဥရောပနိုင်ငံတွေဆီကိုလည်း ဆက်လက်ဖြန့်ချိပေးသွားဖို့ ရှိနေပါတယ်။

ဇူကာဘတ်ရဲ့ ဒီကြေညာချက်အောက်မှာတော့ မှတ်ချက်ပေါင်း ၉ သောင်းကျော်အထိ ထွက်ပေါ်လာပြီး အွန်လိုင်းအသုံးပြုသူတွေကြား အပြင်းအထန် ရေပန်းစားနေပါတယ်။ နည်းပညာအကွက်သိတဲ့ သုံးစွဲသူတွေကတော့ “Screen Recorder နဲ့ ဗီဒီယိုဖမ်းလိုက်မယ်” ၊ “တခြားဖုန်းတစ်လုံးနဲ့ လှမ်းရိုက်ရင် မိမှာမဟုတ်ဘူး” ဒါမှမဟုတ် “အင်တာနက်ပိတ်ပြီးမှ ရိုက်မယ်” ဆိုပြီး Notification မတက်အောင် ကျော်ဖြတ်မယ့် နည်းလမ်းတွေကို အပြိုင်အဆိုင် ရေးသားခဲ့ကြပါတယ်။ တချို့ကတော့ ဖေ့စ်ဘွတ်ခ်အနေနဲ့ အွန်လိုင်းလောကအတွက် အပ်ဒိတ်တွေလုပ်နေမယ့်အစား ပြင်ပလူမှုဘဝတွေ ပိုကောင်းလာအောင်ပဲ အားစိုက်စေချင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
Ref : VT
The post Messenger မှာ Screenshot ခိုးရိုက်ရင် တစ်ဖက်လူသိမယ်လို့ ဇူဇူ သတိပေး appeared first on MyTech Myanmar.
Comments
Post a Comment