MediaTek Helio G99, 8GB RAM နဲ့ realme 10 ကို Geekbench မှာ တွေ့ရပြီ

realme ဟာ နံပါတ်စီးရီးနဲ့အတူ စမတ်ဖုန်းအတော်များများကို ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ realme 9 စီးရီးမှာ ဘတ်ဂျက်ကနေပြီးတော့ Mid-range အထိ အမျိုးအစား ၇ မျိုးပါဝင်နေပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာလည်း realme 9 စီးရီးထဲကနေပြီး နောက်ထပ်စမတ်ဖုန်းတွေကို ဖြန့်ချိသွားဖွယ်ရှိနေပါတယ်။

နောက်ထပ်မျိုးဆက်သစ်ကတော့ realme 10 ဖြစ်ပြီး ဒီနှစ်ထဲမှာ မိတ်ဆက်လာမှာမဟုတ်ဘဲ လာမဲ့နှစ်မှ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Geekbench မှာတော့ မော်ဒယ်နံပါတ် RMX3630 နဲ့အတူ realme 10 ကို တွေ့မြင်နေရပြီ ဖြစ်တာကြောင့် အဓိကအစိတ်အပိုင်းအချို့ကိုလည်း သိရှိလာရပြီ ဖြစ်ပါတယ်။

RMX3630 ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ရောက်ရှိလာမှာဖြစ်ပြီး MediaTek Helio G99 Chipset နဲ့အတူ Mali-G57 GPU ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ တွဲဖက်ထားတဲ့ Memory ကတော့ 8GB of RAM ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။ ပိုသက်သာတဲ့ မော်ဒယ်အဖြစ် 6GB of RAM ကိုလည်း ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Android 12 နဲ့ ထွက်မယ်ဆိုပေမဲ့လည်း ကြေညာလိုက်တာနဲ့ Android 13 ကို ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။ realme ဟာ လာမဲ့နှစ် ပထမသုံးလပတ်ထဲမှာ realme 9 series ဖုန်းတွေအားလုံးကို Android 13 ထောက်ပံ့သွားမယ်လို့ ကတိပေးထားတာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် realme 10 တွေကို မိတ်မဆက်ခင်အထိ realme 9 စီးရီးဝင်ဖုန်းတွေကို ဖြန့်ချိရောင်းချနေဦးမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena

The post MediaTek Helio G99, 8GB RAM နဲ့ realme 10 ကို Geekbench မှာ တွေ့ရပြီ appeared first on MyTech Myanmar.

Comments