ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက PanoRadar လို့ခေါ်တဲ့ စက်ရုပ်မျက်လုံး နည်းပညာကို တီထွင်လိုက်ပါတယ်။ ဒီနည်းပညာက ရေဒီယိုလှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေ ဖန်တီးပေးပြီး စက်ရုပ်တွေဟာ မီးခိုး၊ ဖန်နဲ့ နံရံတွေလို အတားအဆီးတွေကို ဖောက်ထွင်းကာ မြင်နိုင်ပါတယ်။
AI ကို အသုံးပြုထားတဲ့ ဒီနည်းပညာဟာ ထူထပ်တဲ့ မြူနဲ့ မီးခိုးတွေလို စိန်ခေါ်မှုများတဲ့ ပတ်ဝန်းကျင်မှာ ကောင်းစွာ အလုပ်မလုပ်တဲ့ ကင်မရာနဲ့ LiDAR လို သမားရိုးကျ ရေဒါနဲ့ အလင်း အခြေပြု ဆန်ဆာတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပါတယ်။ PanoRadar ဟာ ရေဒီယိုလှိုင်းတွေကို ထုတ်လွှင့်ပြီး ပြန်ထွက်လာတဲ့ လှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။
အရည်အသွေး နိမ့်တဲ့ ပုံရိပ်တွေကိုပဲ ထုတ်လုပ်ပေးတဲ့ သမားရိုးကျ ရေဒါလို မဟုတ်ဘဲ PanoRadar ဟာ ထောင့်များစွာမှ ဒေတာတွေကို ပေါင်းစည်းဖို့ AI ကို အသုံးပြုထားတဲ့အတွက် ကုန်ကျစားရိတ်သက်သာစွာနဲ့ LiDAR လို အရည်အသွေးမြင့် ပုံရိပ်တွေကို ထုတ်လုပ်ပေးပါတယ်။
ဒီနည်းပညာဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း၊ မောင်းသူမဲ့ ကားနဲ့ တခြား နယ်ပယ်များစွာအတွက် အကျိုးရှိလာနိုင်ပါတယ်။ ပညာရှင်တွေက ပိုမို စွမ်းရည်မြင့်မားတဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် PanoRadar နဲ့ တခြား ဆန်ဆာ စနစ်တွေကို ပေါင်းစပ်ကာ သုတေသန ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Ref : Tech Explorers
The post နံရံကို ဖောက်ထွင်းမြင်နိုင်တဲ့ စက်ရုပ်မျက်လုံးကို သုတေသနပညာရှင်တွေ တီထွင် appeared first on MyTech Myanmar.
Comments
Post a Comment