၂၀၂၁ နှစ်ကုန်ပိုင်းမှာ Windows 10 ပေါ်မှာ Android App တွေအသုံးပြုနိုင်တော့မယ်

Microsoft ဟာ အခုအချိန်မှာ ကိုယ်ပိုင် Windows OS နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိတော့ပေမယ့် Android စမတ်ဖုန်းတွေနဲ့ Windows 10 OS အချင်းချင်း ချိတ်ဆက်မှုပိုမိုလွယ်ကူအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုဆိုရင် Your Phone App ကနေတစ်ဆင့် တချို့ Samsung ဖုန်းတွေကိုအသုံးပြုပြီး ဖုန်းက App တွေကို Windows 10 မှာ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Microsoft ကနေ Android ဖုန်းနဲ့ ချိတ်ဆက်စရာမလိုဘဲ Android App တွေကို အသုံးပြုနိုင်မယ့် Project အသစ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါ Project ကိုတော့ “Project Latte” ဆိုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Project Astoria ဆိုပြီး Android App တွေကို Windows 10 Mobile OS မှာ အသုံးပြုနိုင်ဖို့ဆောင်ရွက်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ပြီး ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ အခု Project Latte ကတော့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ Windows 10 ပေါ်မှာ Android App တွေကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Windows Central ရဲ့ ပြောကြားချက်အရတော့ ယခု Project Latte ဟာ Windows Subsystem for Linux (WSL) ကို အသုံးပြုထားမှာဖြစ်ပြီး Developer တွေအနေနဲ့ Android App တွေကို Windows 10 ပေါ်မှာ Code အနည်းငယ် သို့မဟုတ် လုံးဝပြောင်းလဲဖို့မလိုအပ်ဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Android App တွေဟာ Windows 10 ပေါ်ရောက်ရှိတဲ့အချိန်မှာ Microsoft Store Format ဖြစ်တဲ့ MSIX Format အဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Android App တွေကို Windows 10 ပေါ်မှာ အသုံးပြုနိုင်မယ်ဆိုတာက ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပေမယ့်လည်း Google Play Service ကိုတော့ အသုံးပြုနိုင်ဖွယ်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိ Google ရဲ့ Policy အရ Play Service ကို အသုံးပြုနိုင်ဖို့အတွက် Android သို့မဟုတ် Chrome OS ကို အသုံးပြုဖို့ လိုအပ်နေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Microsoft ကသာ ညှိနှိုင်းနိုင်ခြင်းမရှိဘူးဆိုရင် Play Service မလိုအပ်တဲ့ Android App တွေကိုပဲ Windows 10 မှာ အသုံးပြုနိုင်တော့မှာပါ။

Ref – Gizmo China

The post ၂၀၂၁ နှစ်ကုန်ပိုင်းမှာ Windows 10 ပေါ်မှာ Android App တွေအသုံးပြုနိုင်တော့မယ် appeared first on MyTech Myanmar.

Comments