MacBooks နဲ့ AirPods သစ်တွေကို ထုတ်လုပ်မှုတိုးမြှင့်နေတဲ့ Apple

Apple ဟာ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွက် MacBook နဲ့ AirPods တွေကို ထုတ်လုပ်မှုပမာဏ မြှင့်တင်လိုက်တယ်လို့ သိရပါတယ်။ MacBook နဲ့ AirPods အသစ်တွေအကြောင်း ကောလာဟလတွေကတော့ ဒီနှစ်နှောင်းပိုင်းတစ်ချိန်ချိန်မှာ အမှန်တကယ်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Economic Daily News ကတော့ Apple အနေနဲ့ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ MacBook နဲ့ AirPods အသစ်တွေကို ဖြန့်ချိမယ်လို့ ရေးသားဖော်ပြထားပါတယ်။ သတင်းမှာတော့ ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်ဖော်ပြချက်မပါဝင်ပါဘူး။ ဒါပေမဲ့ ဒီထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ ထောက်ပံ့ရေးကွင်းဆက်ကို တွန်းအားပေးနေကြောင်း ဖော်ပြထားတာပါ။

သတင်းရင်းမြစ်တွေအရ Apple ဟာ ဒီနှစ်အကုန်မှာ MacBook အလုံးရေ ၂၃ သန်းကျော်ရောင်းချဖို့မျှော်လင့်နေတာပါ။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတိုးတက်မှုရဲ့တစ်စိတ်တစ်ဒေသကလည်း ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကမိတ်ဆက်ခဲ့တဲ့ M1 MacBook Air, MacBook Pro တို့နဲ့ ဆက်နွယ်မယ်လို့ ယုံကြည်ရပါတယ်။

ကောလာလဟတွေအရ Apple ဟာ ဒီဇိုင်းသစ်ပြုလုပ်ထားတဲ့ MacBook Pro ကို Apple Silicon Chip အသစ်နဲ့လုပ်ဆောင်မယ်လို့ သိရပါတယ်။ ARM processor အပြင် MacBook သစ်မှာ HDMI port နဲ့ SD card reader, MagSafe connector လည်း ပါဝင်မယ်လို့ သတင်းထွက်နေတာပါ။

AirPods တွေကတော့ AirPods Pro နဲ့ ဒီဇိုင်းချင်းဆင်ပေမဲ့ တတိယမျိုးဆက် AirPods တွေမှာ Active Noise Cancellation ပါဝင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ Apple အနေနဲ့ မေလထဲမှာ AirPods 3 ကို ပွဲထုတ်လာမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့တော့ဖြစ်မလာခဲ့ပါဘူး။ Bloomberg, Ming-Chi Kuo တို့ကလည်း ဒီနှစ်နှောင်းပိုင်းမှာ MacBooks နဲ့ AirPods အသစ်တွေကို မြင်တွေ့ရမယ်လို့ ပြောထားကြတာကြောင့် Economic Daily News ရဲ့ဖော်ပြချက်က ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Ref: 9To5Mac

The post MacBooks နဲ့ AirPods သစ်တွေကို ထုတ်လုပ်မှုတိုးမြှင့်နေတဲ့ Apple appeared first on MyTech Myanmar.

Comments