ယူကရိန်းနိုင်ငံအတွက် Starlink Satellite Internet ကို အသုံးပြုခွင့်ပေးလိုက်တဲ့ Elon Musk

Elon Musk ပိုင်ဆိုင်တဲ့ Starlink Satellite Internet Service ဟာ လက်ရှိအချိန်မှာ စမ်းသပ်ကာလဖြစ်နေပြီးတော့ တခြားသော Broadband Internet တွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့ အမြန်နှုန်းတစ်ခုကို ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သောနေရာတွေမှာပဲ အရင်ဆုံးရရှိနိုင်မှာဖြစ်ပြီး တကမ္ဘာလုံးမှာအသုံးပြုနိုင်ဖို့ကတော့ အချိန်အတော်ကြာမြင့်ဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို စစ်ကြေညာပြီး ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တခြားသောနိုင်ငံတွေ၊ အသင်းအဖွဲ့တွေက ကူညီဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုလည်း Elon Musk ကနေ ယူကရိန်းနိုင်ငံအတွက် Starlink Satellite Internet ကို အသုံးပြုနိုင်အောင် ဖွင့်ပေးလိုက်ပြီဆိုပြီး ပြောကြားလိုက်ပါပြီ။

Elon Musk ရဲ့ ပြောကြားချက်ဟာ Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Mykhailo Fedorov ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံမှာ Starlink Service ကို အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပိုပြီးကောင်းမွန်စွာအသုံးပြုနိုင်စေဖို့အတွက် Terminal အများအပြားကိုပါ လမ်းကြောင်းပြောင်းလဲထားတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကနေတစ်ဆင့် Starlink Satellite ပေါင်း ထောင်နဲ့ချီပြီး ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်ရှိအောင် ပို့ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း Starlink Satellite ပေါင်း အခု ၅၀ ပါဝင်တဲ့ Falcon 9 Rocket ကို လွှတ်တင်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ယူကရိန်းနိုင်ငံကသူတွေအတွက် အဆိုပါ Starlink Satellite Internet Service ကို ဖမ်းယူနိုင်ဖို့အတွက် စက်တွေကိုတော့ ဘယ်လိုမျိုး ပို့ဆောင်ပေးမလဲဆိုတာကို Elon Musk ကနေ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – Bloomberg

The post ယူကရိန်းနိုင်ငံအတွက် Starlink Satellite Internet ကို အသုံးပြုခွင့်ပေးလိုက်တဲ့ Elon Musk appeared first on MyTech Myanmar.

Comments