YouTube က ရုရှား Channel တွေကို ကြော်ငြာခွင့်နဲ့ ဝင်ငွေရှာခွင့် ပိတ်ပင်

YouTube က ရုရှားနဲ့ ယူကရိန်း စစ်ပွဲကြားထဲ ပါဝင်အားဖြည့်လာပြီ ဖြစ်ပြီး ရုရှား အစိုးရပိုင် မီဒီယာတွေကို ကြော်ငြာခွင့်နဲ့ ဝင်ငွေရှာခွင့် ပိတ်ပင်လိုက်ပါတယ်။ YouTube ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farshad Shadloo က ရုရှား အစိုးရပိုင် မီဒီယာတွေကို လူမြင်တွေ့တာနည်းအောင် ပြုလုပ်ထားတယ်လို့ ပြောပြီး အဲဒီအထဲမှာ RT လည်း ပါဝင်ပါတယ်။ ယူကရိန်း ဒစ်ဂျစ်တယ် ဝန်ကြီး Mykhailo Fedorov က ရုရှားရဲ့ ဝါဒဖြန့်မှုတွေကို ပိတ်ပင်ဖို့ YouTube ကို တောင်းဆိုပြီးနောက်မှာ YouTube က ချက်ချင်း အရေးယူဆောင်ရွက်ခဲ့တာပါ။

YouTube က RT ကို ကြော်ငြာခွင့် ပိတ်ပင်ထားတယ်လို့ ပြောထားပြီး တခြား ဘယ် Channel တွေကို ဝင်ငွေရှာခွင့် ပိတ်ပင်ထားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Politico ရဲ့ အကြီးတန်း နည်းပညာ အရာရှိ Mark Scott က ရုရှား အစိုးရပိုင် Channel တချို့ဟာ ကြော်ငြာခွင့်ရနေတုန်းလို့ တွစ်တာကနေ ထောက်ပြပြောဆိုထားပါတယ်။ The Verge က ပိတ်ပင်ထားတဲ့ ရုရှား Channel စာရင်းကို ထုတ်ပြန်ပေးဖို့ YouTube ကို ပြောထားပေမယ့် မတုန့်ပြန်သေးပါဘူး။

YouTube Bans Ads From RT, Other Russian State Media Channels - Variety

Meta ပိုင်တဲ့ Facebook ဟာလည်း ရုရှား အစိုးရပိုင် မီဒီယာတွေကို ကြော်ငြာခွင့် ပိတ်ပင်ထားပြီး တွစ်တာကတော့ ပြည်သူတွေအတွက် စိတ်ချရတဲ့ သတင်းအချက်အလက်တွေရရှိစေဖို့အတွက် ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံစလုံးမှာ ကြော်ငြာတွေကို ပိတ်ပင်ထားပါတယ်။

ရုရှားကလည်း တန်ပြန်တဲ့ အနေနဲ့ Facebook နဲ့ တွစ်တာ အသုံးပြုမှုကို သူ့နိုင်ငံထဲမှာ ကန့်သတ်ထားပေမယ့် YouTube ကိုတော့ မပိတ်ပင်သေးပါဘူး။ ရုရှားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ RT Channel ၂ ခုကို လုံးဝ ဖျက်သိမ်းလိုက်တဲ့အတွက် YouTube ကို ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Ref : theverge

The post YouTube က ရုရှား Channel တွေကို ကြော်ငြာခွင့်နဲ့ ဝင်ငွေရှာခွင့် ပိတ်ပင် appeared first on MyTech Myanmar.

Comments