Pixel 6 Series မှာ သုံးထားတဲ့ Display ကိုပဲ Pixel 7 Series မှာဆက်သုံးလာမယ့် Google

Google ဟာ ယခုနှစ်ကုန်ပိုင်းမှာ Pixel 7 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Pixel 7 Series ဖုန်းတွေဟာ အများကြီးတိုးတက်လာဖို့ မျှော်လင့်ထားတဲ့သူတွေကို စိတ်ပျက်သွားစေမှာပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Pixel 7 Series ဖုန်းတွေဟာ Display ပိုင်းမှာ လုံးဝနီးပါး အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်လာမှာမဟုတ်ဘဲ မနှစ်တုန်းက Pixel 6 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Display ကိုပဲ ဆက်လက်ပြီး အသုံးပြုသွားမှာကြောင့်ဖြစ်ပါတယ်။ မနှစ်တုန်းက Pixel 6 Series ဖုန်းတွေမှာ Samsung Display Panel တွေကို အသုံးပြုခဲ့တာဖြစ်ပြီး ယခု Pixel 7 Series ဖုန်းတွေမှာလည်း အဆိုပါ Display Panel တွေကိုပဲ အရွယ်အစားနဲ့ Specification ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒါကြောင့် Google Pixel 7 ဖုန်းဟာ 90Hz Refresh Rate ကိုပဲ Support ပြုလုပ်သွားမှာဖြစ်ပြီး Pixel 7 Pro ဖုန်းကပဲ 120Hz Refresh Rate ကို ထောက်ပံ့သွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အခုနှစ် Pixel 7 Pro ဖုန်းမှာ ထူးခြားချက်အနေနဲ့ Display Resolution ကို QHD+ တင်မဟုတ်ဘဲ Full HD+ ကိုပါ ဆင်းပြီး ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 7 Series ဖုန်းတွေဟာ Google ကနေ တရားဝင် Design ပိုင်းကို ဖော်ပြခဲ့ပြီး ဖြစ်သလို ပိုပြီးမြန်ဆန်မယ့် 2nd Generation Google Tensor Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားသောအပိုင်းတွေမှာ လုံလောက်တဲ့တိုးတက်မှုတွေ ပြုလုပ်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Android Authority

The post Pixel 6 Series မှာ သုံးထားတဲ့ Display ကိုပဲ Pixel 7 Series မှာဆက်သုံးလာမယ့် Google appeared first on MyTech Myanmar.

Comments