ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ပြန်လည်ဦးဆောင်နိုင်ပြီဖြစ်တဲ့ Samsung

Samsung ဟာ သူ့ရဲ့ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစုကို တစ်ဖြည်းဖြည်းနဲ့ချဲ့ထွင်လာခဲ့တာမှာ ငါးနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ Samsung ဟာ ဈေးကွက်ဝေစု ၂၄% နဲ့ အရောင်းရဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ခဲ့ပါတယ်။

Samsung အနေနဲ့ ၂၀၁၇ ခုနှစ် ဇွန်လနောက်ပိုင်း အခုလိုအောင်မြင်မှုမျိုးကို ဝေးကွာနေခဲ့တာဖြစ်ပြီး ၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီးမှ ပြန်ရလာတာ ဖြစ်ပါတယ်။ Samsung ရဲ့ အခုအောင်မြင်မှုနောက်ကွယ်မှာ Galaxy S22 စီးရီးနဲ့ ဈေးနှုန်းချိုသာတဲ့ Galaxy A ဖုန်းတွေက အဓိက တွန်းအားပေးခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ဧပြီလတုန်းက ကမ္ဘာ့ဈေးကွက်ဝေစုမှာ ၂၅% အထိ ပိုင်ဆိုင်ခဲ့ပေမဲ့ ကြီးမားတဲ့လွှမ်းမိုးမှုကို မရခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။ အခု ၂၀၂၂ ခုနှစ် ဧပြီမှာလည်း စံချိန်ဟောင်းကို ကျော်တက်ဖို့ ၁% လိုအပ်နေခဲ့သေးတာကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေအရပ်ရပ်က ပြောင်းလဲနေခဲ့ပါပြီ။

Samsung ရဲ့ ဈေးကွက်ဝေစုဟာ ဖုန်းရောင်းအားအရ ၂၄% အထိ တက်လာပေမဲ့ တစ်ဖက်မှာ Apple က ၁၅% အထိ ကျဆင်းသွားတာပါ။ Apple ဟာ ဧပြီလမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်အတွင်း ဒုတိယရောင်းအားအများဆုံးအဖြစ် ၁၂% နဲ့သိမ်းပိုက်ထားတဲ့ Xiaomi ရဲ့နောက်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy A လိုင်းကို စတင်လိုက်တဲ့အကျိုးကျေးဇူးကို ခံစားနေရတာတော့ ငြင်းလို့မရပါဘူး။ အထူးသဖြင့် India ဈေးကွက်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေခဲ့ပြီး လက်တင်အမေရိကအပါအဝင် အခြားအဓိကဈေးကွက်တွေမှာလည်း ဆွဲဆောင်မှုရှိတဲ့ ပရိုမိုးရှင်းတွေနဲ့ ထိုးဖာက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီအတိုင်းရှေ့ဆက်သွားမယ်ဆိုရင်တော့ Samsung ဟာ ဒုတိယသုံးလပတ်မှာလည်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ဦးဆောင်သူနေရာကို ဆက်ထိန်းထားနိုင်ဖွယ်ရှိပါတယ်” လို့ Counterpoint Research က လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။

Ref: sammobile

The post ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ပြန်လည်ဦးဆောင်နိုင်ပြီဖြစ်တဲ့ Samsung appeared first on MyTech Myanmar.

Comments