Breathe to Unlock နည်းလမ်းနဲ့ စမတ်ဖုန်းလုံခြုံရေးစနစ်သစ် တီထွင်ဖို့ကြိုးစားနေတဲ့ ဂျပန်တွေ

စမတ်ဖုန်း လုံခြုံရေးစနစ်တွေထဲမှာ Face Recognition က အလွယ်ကူဆုံးနဲ့ အလုံခြုံဆုံးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမဲ့ Mask တပ်ထားရင် ကောင်းကောင်းအလုပ်မလုပ်တာမျိုး၊ iPhone 12 နဲ့ အထက်တွေမှာ Mask တပ်ထားလည်း Face ID ကို သုံးနိုင်တယ်ဆိုပေမဲ့ လုံခြုံမှုနှုန်းကို ကျဆင်းစေတာမျိုး ဖြစ်တာကြောင့် ပညာရှင်တွေက ပိုပြီးတော့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကို ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ စမတ်ဖုန်းရဲ့ လုံခြုံရေးအတွက် Passwords, Fingerprint, Face recognition, Patterns စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်။ အခုအချိန်အထိတော့ ပြီးပြည့်စုံတဲ့ လုံခြုံရေးစနစ်လို့ သတ်မှတ်နိုင်တာမျိုး မရှိသေးပါဘူး။ ပိုပြီးကောင်းမွန်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ လုံခြုံရေးဆိုင်ရာ နည်းလမ်းသစ်အဖြစ် အသက်ရှူခြင်းကို အသုံးပြုမဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်ပေါ်ထွက်လာပါတယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာတော့ နည်းပညာဆိုင်ရာ အခက်အခဲတွေ အများကြီးရှိနေတာဖြစ်ပေမဲ့ အောင်မြင်သွားရင်လည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းသစ်တစ်ခုဖြစ်လာပါလိမ့်မယ်။

ဒီအကြံဉာဏ်နဲ့ နည်းလမ်းကို ဂျပန်နိုင်ငံ Kyushu တက္ကသိုလ်နဲ့ တိုကျိုတက္ကသိုလ်က သုတေသီတွေ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။ နည်းလမ်းကတော့ “Electronic nose” လို့ခေါ်တဲ့ အနံ့ခံအာရုံခံစနစ်ကို အသုံးပြုမဲ့ နည်းလမ်းပါပဲ။ ဒီနည်းလမ်းဟာ လေထဲမှာရှိတဲ့ အနံ့မျိုးစုံကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အနံ့ရဲ့ အစိတ်အပိုင်းတွေကိုလည်း တိတိကျကျ ခွဲခြားနိုင်တယ်လို့ သိရပါတယ်။

စားသောက်ကုန်လုပ်ငန်းတွေမှာ ဘယ်အစားအစာကိုအသုံးပြုပြီး အရသာကောင်းမွန်မှုရှိ၊ မရှိဆိုတာကိုလည်း ဒီ အီလက်ထရွန်းနစ် နှာခေါင်းကို အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသက်ရှူတာနဲ့ ပိုင်ရှင်မှန်း ဘယ်လိုခွဲခြားမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ အဲဒီအတွက် အဖြေက လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ဓာတုဗေဒဓာတ်တွေရှိနေပြီး 16-channel odor sensor ကို အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာတာလို့ ဆိုပါတယ်။

16-channel odor sensor နဲ့ အနံ့တွေကို ခွဲခြားရာမှာ တိကျမှုနှုန်းက 97.8% အထိ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Fingerprint scanner တွေရဲ့ တိကျမှုနှုန်းက 98.6% ဖြစ်ပြီး Facial recognition ရဲ့ တိကျမှုနှုန်းကတော့ 99.97% ဖြစ်နေပါတယ်။ လက်တလောမှာတော့ သုတေသနစကေးက သေးလွန်းနေတာကြောင့် အကောင်အထည်ပေါ်လာဖို့ ခရီးရှည်ကြီး ကျန်ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာဒီနည်းလမ်းဟာ တစ်ချိန်ချိန်မှာ အကောင်အထည်ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Ref: Gizchina

The post Breathe to Unlock နည်းလမ်းနဲ့ စမတ်ဖုန်းလုံခြုံရေးစနစ်သစ် တီထွင်ဖို့ကြိုးစားနေတဲ့ ဂျပန်တွေ appeared first on MyTech Myanmar.

Comments