Redmi Note 12 Discovery Edition ရဲ့ 210W Fast Charging ဟာ စမ်းသပ်မှုမှာ ကြော်ငြာထားသလောက် မကောင်း

Redmi က ပြီးခဲ့တဲ့ ၁ ပတ်မှာ Note 12, Note 12 Pro , Note 12 Discovery Edition နဲ့ Note 12 Pro Plus တို့ပါတဲ့ Note 12 Series စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းတွေထဲမှာ Note 12 Discovery Edition အတွက် 4,300mAh ဘက်ထရီနဲ့ အံ့မခန်းလျှင်မြန်တဲ့ 210W Fast Charging ထည့်သွင်းထားပါတယ်။

ကုမ္ပဏီက Redmi Note 12 Discovery Edition ရဲ့ 210W Fast Charging လုပ်ဆောင်ချက်က ၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Charger Labs ရဲ့ စမ်းသပ်မှုအရ တကယ့် အားသွင်းနှုန်းဟာ ကြော်ငြာထားသလောက် မမြန်တာကိုတွေ့ရပါတယ်။

Charger Labs ရဲ့ စမ်းသပ်မှုမှာ Redmi Note 12 Discovery Edition ရဲ့ အမြန်ဆုံး အားသွင်းနှုန်းဟာ 184.85 W ပဲရှိပါတယ်။ ဒါ့အပြင် အဲဒီ အမြန်နှုန်းနဲ့ အချိန်ကြာမြင့်စွာ အားသွင်းမပေးနိုင်တာကို တွေ့ရပါတယ်။

Charger Labs က Redmi Note 12 Discovery Edition ဟာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းဖို့ ၁၀ မိနစ်နဲ့ ၁၀ စက္ကန့်ကြာတယ်လို့ ပြောပါတယ်။ Xiaomi က ၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ကြော်ငြာ ထားပါတယ်။ Xiaomi ကြော်ငြာထားသလောက် မမြန်ပေမယ့် ဈေးကွက်ထဲမှာ အားသွင်း အမြန်ဆုံး ဖြစ်ပါတယ်။

ကောင်းတဲ့အချက်က အားသွင်းနေချိန်မှာ ဖုန်းဟာ အပူများစွာ မထုတ်လွှင့်တာပါ။ Redmi Note 12 Discovery Edition ရဲ့ အမြင့်ဆုံး အပူချိန်က ၄၃.၃ ဒီဂရီ စင်တီဂရိတ်ပဲ ရှိပါတယ်။ ဒါဟာ အရွယ်ကြီး 3,000mm² VC Cooling System ထည့်သွင်းထားလို့ ဖြစ်ပါတယ်။

Ref : gizmochina

The post Redmi Note 12 Discovery Edition ရဲ့ 210W Fast Charging ဟာ စမ်းသပ်မှုမှာ ကြော်ငြာထားသလောက် မကောင်း appeared first on MyTech Myanmar.

Comments