၃ ဖက်ခေါက်ချိုး စမတ်ဖုန်းကို ဒီနှစ်ထုတ်ပြဦးမယ့် Huawei

Huawei ဟာ Foldable ဖုန်းစျေးကွက်ထဲကို အစောဆုံးဝင်ရောက်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်သလို လက်ရှိအချိန်အထိလည်း Flip Type အပြင် ပုံမှန် Foldable ဖုန်းတွေကိုပါ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Huawei ဟာ ဒီနှစ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Foldable ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်နေပြီလို့ သိရပါတယ်။

အဆိုပါ သတင်းကတော့ Huawei ဟာ ယခုနှစ်မကုန်ခင်မှာ ၃ ဖက်ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းအမျိုးအစားကို မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းက Huawei ကနေ ဒီလိုမျိုး Screen ကို ၃ ဖက်အထိ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းအမျိုးအစားအတွက် မူပိုင်ခွင့်တွေရယူခဲ့ထားပြီး ဓါတ်ပုံတွေလည်း ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

ဒါပေမယ့် Huawei ကပဲ ၃ ဖက်ခေါက်ချိုး Foldable ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေတာမဟုတ်ဘဲ Samsung ကလည်း ဒီနှစ်အတွင်းမှာပဲ မိတ်ဆက်လာနိုင်ခြေရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ CES 2024 Event မှာ Samsung ကနေ ၃ ဖက်ခေါက်ချိုးဖုန်းအတွက် Display ကို ထုတ်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။

Huawei ရဲ့ ၃ ဖက်ခေါက်ချိုးစမတ်ဖုန်းဟာ ခေါက်လိုက်တဲ့အချိန်မှာ အင်္ဂလိပ်အက္ခရာ “Z” ပုံစံမျိုးဖြစ်နေမှာဖြစ်ပြီး မတူညီတဲ့ Hinge ပတ္တာ ၂ မျိုးကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ ၃ ဖက်ခေါက်ချိုးဖုန်းမှာ Main Foldable Display အပြင် အပြင်ဘက်မှာပါ အသုံးပြုနိုင်ဖို့အတွက် သီးသန့် Display လည်းပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Huawei ဘက်က ယခုနှစ်အတွင်းမှာ ၃ ဖက်ခေါက်ချိုးလို့ရတဲ့ Foldable ဖုန်းကို မိတ်ဆက်လာမယ်ဆိုရင် မကြာခင်မှာ Foldable ဖုန်းတွေမှာ ပြောင်းလဲမှုတွေကို စတင်မြင်တွေ့ရလာနိုင်ပါတယ်။

Ref – Gizmo China

The post ၃ ဖက်ခေါက်ချိုး စမတ်ဖုန်းကို ဒီနှစ်ထုတ်ပြဦးမယ့် Huawei appeared first on MyTech Myanmar.

Comments