နေရောင် မလိုဘဲ အိမ်ထဲမှာတောင် အားသွင်းနိုင်တဲ့ ဆိုလာပြား

ဆိုလာစွမ်းအင်ဆိုရင် ပြင်းထန်တဲ့ နေရောင်ခြည်ကိုသာ ပြေးမြင်မိကြပေမယ့် အဲဒီအမြင်ကို ပြောင်းပြန်လှန်ပစ်မယ့် တီထွင်မှုသစ်တစ်ခု ထိုင်ဝမ်မှာ ပေါ်ပေါက်လာခဲ့ပါပြီ။ ထိုင်ဝမ်နိုင်ငံ အမျိုးသားယန်မင်ချောင်တုန်တက္ကသိုလ် (National Yang Ming Chiao Tung University) မှ သိပ္ပံပညာရှင်များဟာ အိမ်တွင်း၊ ရုံးခန်းတွင်းရှိ မီးချောင်း၊ မီးသီးများရဲ့ အလင်းရောင်ကနေ လျှပ်စစ်စွမ်းအင်ကို ထိထိရောက်ရောက် ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာပြား (Solar Cell) တစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Chinese scientists boost perovskite solar cell efficiency | South China Morning Post

ဒီနည်းပညာသစ်ဟာ အနာဂတ်မှာ အိမ်တွင်းသုံး အီလက်ထရောနစ်ပစ္စည်းငယ်လေးများကို ဘက်ထရီမလိုဘဲ စွမ်းအင်ပေးနိုင်တော့မှာဖြစ်လို့ “ဘက်ထရီခေတ်” ကို အဆုံးသတ်စေနိုင်မလားဆိုတဲ့ မေးခွန်းတွေအထိ ထွက်ပေါ်လာစေခဲ့ပါတယ်။

Perovskite solar cells developed by NTU Singapore scientists record highest power conversion | EurekAlert!

နည်းပညာရဲ့ လျှို့ဝှက်ချက်

ဒီဆိုလာပြားတွေရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ “Perovskite” (ပယ်ရော့ဗ်စကိုက်) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သမားရိုးကျ ဆီလီကွန်ဆိုလာပြားတွေဟာ နေရောင်ခြည်လို အလင်းစူးရှမှသာ ကောင်းစွာအလုပ်လုပ်နိုင်ပြီး အလင်းရောင်အားနည်းတဲ့ အိမ်တွင်းမှာတော့ စွမ်းဆောင်ရည် ကျဆင်းသွားပါတယ်။

ထိုင်ဝမ်သုတေသီအဖွဲ့ကတော့ Perovskite ရဲ့ မော်လီကျူးဖွဲ့စည်းပုံကို ပြုပြင်မွမ်းမံပြီး သူ့ရဲ့ “စွမ်းအင်စုပ်ယူနိုင်စွမ်း” (bandgap) ကို နေရောင်ခြည်အစား မီးချောင်း၊ LED မီးလုံးတွေကထွက်တဲ့ အလင်းရောင်ကို အကောင်းဆုံးစုပ်ယူနိုင်အောင် အထူးချိန်ညှိခဲ့ကြပါတယ်။

ဒီလို ချိန်ညှိမှုကြောင့် သာမန်အိမ်တွင်းအလင်းရောင်အောက်မှာ စွမ်းအင်ပြောင်းလဲနိုင်မှု ထိရောက်နှုန်း (power conversion efficiency) 38.7% အထိ ရရှိခဲ့ပြီး ဒါဟာ အလင်းရောင်နည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ဆီလီကွန်ဆိုလာပြားတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။

အနာဂတ်အတွက် အလားအလာကောင်းများ

ပေါ့ပါးပြီး ကွေးညွှတ်နိုင်တဲ့ ဒီ Perovskite ဆိုလာပြားတွေရဲ့ အောင်မြင်မှုဟာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာနိုင်ပါတယ်။

အိမ်တွင်းသုံးပစ္စည်းများ

အဝေးထိန်းခလုတ် (Remote Control)၊ ဒစ်ဂျစ်တယ်နာရီ၊ မီးခိုးငွေ့ အာရုံခံကိရိယာ (Smoke Detector) နဲ့ အခြား IoT (Internet of Things) ပစ္စည်းပေါင်းများစွာကို ဘက်ထရီလဲစရာမလိုဘဲ အလင်းရောင်ရှိရုံနဲ့ အမြဲတမ်းအလုပ်လုပ်စေနိုင်မှာ ဖြစ်ပါတယ်။

စွမ်းအင်ချွေတာခြင်း

နေရောင်ခြည်မရတဲ့ တိမ်ထူတဲ့နေ့တွေမှာတောင် အတိုင်းအတာတစ်ခုအထိ လျှပ်စစ်ထုတ်လုပ်ပေးနိုင်တာကြောင့် ဆိုလာစွမ်းအင်ရဲ့ အသုံးဝင်မှုကို ပိုမိုကျယ်ပြန့်စေမှာပါ။

ဒီတီထွင်မှုဟာ အသေးစားအီလက်ထရောနစ်ပစ္စည်းတွေအတွက် စွမ်းအင်ထောက်ပံ့ပုံကို တော်လှန်ရုံဆန်းသစ်စေရုံသာမက၊ ဘက်ထရီအဟောင်းတွေကဖြစ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချရေးမှာပါ အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။

Ref : Fossbytes

The post နေရောင် မလိုဘဲ အိမ်ထဲမှာတောင် အားသွင်းနိုင်တဲ့ ဆိုလာပြား appeared first on MyTech Myanmar.

Comments