
တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ဘက်ထရီအပိုင်းမှာ အကြီးအကျယ်ပြိုင်ဆိုင်နေပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ Xiaomi ဟာ 8,500mAh ကနေ 9,000mAh ကြားရှိတဲ့ ဘက်ထရီပါဝင်မယ့် Redmi ဖုန်းတစ်လုံးကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
ဒီသတင်းအသစ်ဟာ နည်းပညာသတင်းတွေနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ Digital Chat Station ကနေ ထွက်ပေါ်လာတာဖြစ်ပြီး Xiaomi ဟာ အဲဒီဖုန်းကို ကုမ္ပဏီအတွင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီးနေပြီလို့ ဖော်ပြထားပါတယ်။ အထူးခြားဆုံးအချက်ကတော့ ဒီဘက်ထရီဟာ Xiaomi ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး ဘက်ထရီကို အကြိမ်ကြိမ် အားသွင်း-အားပြန်သုံးတဲ့အခါမှာ သက်တမ်းတိုသွားခြင်းမရှိအောင် အထူးပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီ Redmi ဖုန်းဟာ ဒီလောက်ကြီးမားတဲ့ ဘက်ထရီကို ထည့်သွင်းထားပေမယ့် ဖုန်းရဲ့အထူကတော့ 8.5mm လောက်ပဲရှိမှာဖြစ်တဲ့အတွက် Redmi ရဲ့ တခြားဖုန်းအများစုလိုပဲ ပုံမှန်အထူအပါးအတိုင်းပဲ ရှိနေမှာပါ။ ဒါကြောင့် လက်ထဲမှာ ကိုင်ဆောင်ရတာ သက်တောင့်သက်သာရှိမယ့်ပုံပါပဲ။ ဒီဘက်ထရီအသစ်ကြီးကို ဘယ် Redmi ဖုန်းမော်ဒယ်မှာ ပထမဆုံးအသုံးပြုလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Xiaomi ရဲ့ ဘက်ထရီအများဆုံးဖုန်းကတော့ ဒီနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ 7,550mAh ဘက်ထရီပါဝင်တဲ့ Redmi Turbo 4 Pro ဖြစ်ပါတယ်။
စမတ်ဖုန်းဘက်ထရီလောကမှာ Xiaomi တစ်ခုတည်းကပဲ ကြိုးစားနေတာတော့ မဟုတ်ပါဘူး။ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Honor ကလည်း 10,000mAh ဘက်ထရီပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို မကြာခင်မှာ မိတ်ဆက်ဖို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် iQOO လို တခြားအမှတ်တံဆိပ်တွေကလည်း 8,000mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတွေကို ဈေးကွက်ထဲမှာ စတင်ရောင်းချနေပြီဖြစ်တဲ့အတွက် စမတ်ဖုန်းတွေရဲ့ ဘက်ထရီစွမ်းဆောင်ရည်ဟာ အပြိုင်အဆိုင် မြင့်တက်လာနေတာကို တွေ့ရပါတယ်။
Ref: gsmarena
The post Xiaomi ရဲ့ 9,000mAh နီးပါး ဘက်ထရီပါတဲ့ Redmi ဖုန်းလာမည် appeared first on MyTech Myanmar.
Comments
Post a Comment